
ဖြိုးမြတ်အောင်ကို စိတ်ဓာတ်ကောင်းတဲ့ အဆိုရှင်တစ်ယောက်အဖြစ် သတ်မှတ်လိုက်မိပါတယ်။ ဝှီးချဲ နဲ့ တလွဲများကိုတော့ ဆက်ဖတ်ကြည့်ပေတော့ဗျာ
ဖြိုးမြတ်အောင် ကို ပြိုင်ပွဲဝင်တစ်ယောက်အနေနဲ့ မကြိုက်ပါဘူး။ဒါပေမယ့် ” ငါတို့ရဲ့ ဂျန်နရယ် ” သီချင်း သီဆိုသူတစ်ယောက်အနေနဲ့တော့ နှစ်သက်တယ်။Myanmar Idol season 3 ကို စိတ်မဝင်စားလို့ သေချာကို မကြည့်ဖြစ်ခဲ့ ။Vote လည်း မလုပ်ဖူးဘူး။ညကမှ ဖိုင်နယ်ပွဲဖြစ်နေလို့ ဘာတွေထူးခြားမလဲ ဆိုတဲ့ သိချင်စိတ်နဲ့ အချိန်ပေး ကြည့်ဖြစ်ပါတယ်။

ပွဲစစချင်းမှာပဲ Winner ကို ကြော်ငြာပေးလိုက်ပြီး ပြိုင်ပွဲအနေအထားမှ ဖျော်ဖြေပွဲ အနေအထား ကို ပြောင်းလဲပေးလိုက်တော့ ပွဲအရှိန်လည်း တော်တော်လျော့ကျသွားတယ်။Ooredoo က Voting system မလုပ်ရတော့တဲ့အခါ ပြိုင်ပွဲဝင် ၁၁ ယောက်ကို ဗန်းပြပြီး ပေါ်ပေါ်ထင်ထင် အလှူခံတော့တယ်။ပွဲက အားပြိုင်မှုတွေမရှိတော့။ပြိုင်ပွဲ အနှစ်သာရ ကို မခံစားမိတော့။
ကိုယ်တိုင်လည်း စိတ်မဝင်စားတော့လို့ တခြားလိုင်း ပြောင်းကြည့်တယ်။အဲ့ဒီနောက် ဖေ့ဘုတ်ဖွင့်ကြည့်တော့ ” မောင်ချို လာပြီလေ ” ဆိုတဲ့ ပို့စ်တွေ က ပလူပျံအောင် ဖြစ်လာပြီ။ဘယ်လိုများဖြစ်ပါလိမ့် ဆိုပြီး လိုင်းပြောင်းရပြန်တယ်။
ပြန်ကြည့်ဖြစ်တဲ့ အချိန်မှာ ဖြိုးမြတ်အောင် winner song ဆိုတော့မယ့် အချိန် ဖြစ်နေပါပြီ။မှန်ရာ ဝန်ခံရရင် ဖြိုးမြတ်အောင် ဆိုတဲ့ winner song က ရင်ထဲကို သိပ်မရောက်ပြန်ဘူး။တစ်ခါတည်းနဲ့ မကြိုက်မိဘူး။ဒိုင်တွေ ပြောတဲ့ ချီးကျူး စကားသံတွေကို စိတ်ရှည်သည်းခံကြည့်ရပြန်တယ်။

နောက်တော့ ချမ်းမြေ့ မောင်ချို ပြိုင်ပွဲသို့ လာရောက်ကြောင်း အစီအစဉ်တင်ဆက်သူက ကြေငြာတယ်။ပရိသတ်က သောင်းသောင်းဖျဖျ ကြိုကြ၊အော်ဟစ် ကြတယ်။ချမ်းမြေ့မောင်ချို နဲ့ ဆိုင်တဲ့ ရုပ်သံဗွီဒီယို တွေ ဖွင့်ပြတယ်။ဆေးရုံခန်းအတွင်း က ပုံတွေ ပါလာတယ်။လက်ရှိကျန်းမာရေးအခြေအနေ ကို ရှင်းပြတဲ့ ဆရာဝန်မ တစ်ဦးရဲ့ ပြောကြားချက်လည်း ပါဝင်တယ်။
ရှင်းပြတဲ့ ဆရာမ က အသက်တော်တော်ငယ်ဦးမယ်။ပုဂ္ဂလိက ဆေးရုံ က တာဝန်ရှိသူ တစ်ဦး ဖြစ်ဟန် တူပါတယ်။တကယ်ဆိုရင် ဝါရင့်အထူးကုဆရာဝန်တစ်ယောက်လောက်က ရှင်းပြပေးသင့်တယ် ထင်တာပါပဲ။ပိုပြီး ခန့်ခန့်ငြားငြား ရှိတာပေါ့လေ။
ပုဂ္ဂလိက ဆေးရုံမှာ ဆေးရုံတောင် တက်နေရတဲ့ လူနာ ဆိုတော့ တာဝန်ယူထားတဲ့ အထူးကု ရှိမှာပါပဲ။ပုဂ္ဂလိက ဆေးရုံတွေ ဆိုတာက အရေးပေါ်ဌာနရောက်လာတဲ့ လူနာကို သာမန်ထက်ပိုနေရင် အထူးကုနဲ့ ပြဖို့ လွှဲပေးတတ်တာ သဘာဝပဲကိုး။ဒါကြောင့် ကျန်းမာရေးအခြေအနေ ကို တာဝန်ယူရှင်းပြပေးမယ့် ဆရာဝန်ကြီးတစ်ယောက်ရဲ့ ပုံရိပ်နဲ့ ဖော်ပြပေးရင် ပိုပြီး အဆင်ပြေမယ် ထင်မိတယ်။နိုင်ငံအဆင့် ကမ္ဘာ အဆင့်မီ တိုက်ရိုက်လွှင့်နေတဲ့ အစီအစဉ် ဖြစ်နေသည်ကိုး။
ဗွီဒီယိုပြပြီးတော့ မီးတွေမှိတ်ချ၊ဆေးရုံကား ဝင်လာတာကို ပြတယ်။စတိတ်စင်ကို အမှောင်ချထားပေးတယ်။ချမ်းမြေ့မောင်ချို ဟာ စတိတ်စင်ပေါ်ကို ဝှီးချဲ နဲ့ တက်လာရတယ်။ဒီနေရာမှာ ဆေးရုံကား တွေ ဝှီးချဲတွေပါလာတာကို သိပ်မထူးဆန်းပါနဲ့ ။ပုဂ္ဂလိက ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းတွေဟာ ဝန်ဆောင်မှု ကောင်းကောင်း ပေးပြီး ဝန်ဆောင်မှုအတိုင်း ငွေကောက်ခံတဲ့ လုပ်ငန်းတွေ ဖြစ်တယ်။ပုဂ္ဂလိက အထူးကု ဆေးခန်းတွေမှာ ဆေးခန်းပြဖူးသူတိုင်း ဒါကို သိပါတယ်။
အထူးကုဆေးခန်း သို့မဟုတ် ဆေးရုံ ကို ရိုးရိုးနေမကောင်းဖြစ် လို့ သွားပြကြည့်တယ် ပဲ ထားဦး။ကားရပ်တာနဲ့ လိုအပ်ရင်ထီးမိုးပေးမယ့် လုံခြုံရေးဝန်ထမ်းက အဆင့်သင့်ပဲ။လူနာက အားနည်းဟန်ရှိနေရင်။လူနာက မူးဝေနေတယ် ဆိုရင် ဝှီးချဲနဲ့ သွားနိုင်တယ်။အကူနာ့စ်တွေကို ပြောတာနဲ့ ကားနားအထိ ရောက်လာပြီး တွန်းပေးတယ်။လူနာကုတင်နားအထိ အရောက်ပို့ပေးတယ်။ဆေးခန်းစာအုပ်က အစ လူနာရှင်က ကိုင်စရာမလို။အကူနာ့စ်က အကုန်လိုက်လုပ်ပေးတာပါပဲ။လူနာက လမ်းလျှောက်ဖို့အားနည်းနေတယ် ဆိုရင် ဝှီးချဲပေါ် ထိုင်ပြီး မှိန်းနေရုံပါပဲ။

တစ်ချို့ အစိုးရဆေးရုံ ဆရာဝန်တွေက ဝှီးချဲ သုံးဖို့တောင် လိုသလား ပို့စ်တွေ တင်တာ တွေ့လို့ပါ။အစိုးရဆေးရုံမှာ ဆိုရင်တော့ ဘယ်ဟုတ်ပါ့မလဲ။
ကိုယ်ကတော့ တွေးမိပါတယ်။ဆေးရုံကားတွေ ဝှီးချဲတွေ အသုံးပြုရတာဟာ ပုဂ္ဂလိက ဆေးရုံက ထုံးစံအတိုင်း ဝန်ဆောင်မှုပေးတာပါပဲ။
အစိုးရဆေးရုံတစ်ခုမှာ သာမာန် ဖျားနေသူတစ်ယောက်ကို အားနည်းနေလို့ဆိုပြီး ဝှီးချဲအသုံးပြုခွင့် ပေးချင်မှ ပေးပေမယ့် ပုဂ္ဂလိက ဆေးရုံးတွေကတော့ လူနာက လမ်းမလျှောက်နိုင် လို့ ဝှီးချဲသုံးချင်တယ် ဆိုတာနဲ့ လွယ်ကူစွာအသုံးပြုနိုင်ပါတယ်။နာ့စ်အကူတွေက ပြေးပြေးလွှားလွှားကို ရေးကြီးသုတ်ပျာ ယူပေးကြတာပါ။
ဆေးရုံဝန်ဆောင်မှုအတွက် ထိုက်သင့်သလောက် ငွေကြေးကိုလည်း ယူထားပြီး ဖြစ်ပါတယ်။အဲ့ဒီလိုပဲ ဆေးရုံကား အသုံးပြုခ ကိုလည်း ထိုက်ထိုက်တန်တန် ငွေရှင်းရမှာဖြစ်ပါတယ်။ရောဂါ ပြင်းထန်ခြင်း အတိုင်းအဆ ကို ခဏဘေးဖယ်ထားလိုက်ပါမယ်။ဒါတွေဟာ ဆေးရုံဝန်ဆောင်မှုပါပဲ။ငွေခင်းထားတဲ့ ပုဂ္ဂလိက ကျန်းမာရေးဝန်ဆောင်မှုများ ဖြစ်ပါတယ်။
ပြိုင်ပွဲစင်မြင့်ပေါ်ရောက်လာပြီးနောက် ဝှီးချဲပေါ်က ထရပ်လိုက်ပါပြီ။မီးတွေလည်း ဖွင့်လိုက်ပါပြီ။စတိတ်စင်အလယ်မှာ ရပ်နေပေမယ့် ချမ်းမြေ့မောင်ချို မှာ ခပ်ယဲ့ယဲ့သာ ရှိပါတယ်။အားပြတ်နေပုံပါပဲ။လူပင်ပန်း စိတ်ပင်ပန်း ဖြစ်ထားဟန်တူပါတယ်။ပရိသတ် ကို တောင်းပန်စကားဆို။ကျေးဇူးတင်စကားများ ပြောဆိုပြီး Winner song ကို သီဆိုပေးပါတယ်။
ခပ်ယဲ့ယဲ့လူဆီက အသံသာသာလေး ထွက်လာတော့ စိတ်ကျေနပ်ရပါတယ်။မှန်ရာဝန်ခံရရင် Winner Song က ချမ်းမြေ့ မောင်ချို အသံ ဆိုဟန်နဲ့ ပိုလိုက်တယ် လို့ မြင်ပါတယ်။စစဆိုချင်းမှာပဲ ရင်ထဲရောက်ပါတယ်။နားထောင်ကောင်းပါတယ်။ဒါပေမယ့် သီချင်းအလယ်နားလောက် အသံရှည်ဆွဲဆိုတဲ့ နေရာရောက်တော့ နောက်ခံသီချင်းဖွင့်ပေးထားကောင်း ခန့်မှန်းရိပ်မိပြန်ပါတယ်။ပါးစပ် နဲ့ မိုက် လွတ်သွားပေမယ့် သီချင်းသံ ဆက်ထွက်နေလို့ ဖြစ်ပါတယ်။( ခန့်မှန်းချက်ဖြစ်တဲ့အတွက် မှန်ချင်မှ မှန်ပါလိမ့်မယ်)
မည်သို့ပင်ဆိုစေ ခွင့်လွှတ်ရမှာပါပဲ။သူ့ခမျာ အသံနာနေရှာပြီကိုး။ပရိသတ်ရှေ့ ရပ်နိုင်တာပဲ ကျေးဇူးတင်ရပါမယ်။

ချမ်းမြေ့ မောင်ချို ကို အားပေးဖို့အတွက် ပြိုင်ပွဲဝင် ၁၀ ဦး ထွက်လာပါတယ်။တကယ့်နွေးထွေးတဲ့ မြင်ကွင်းပါပဲ။
အဲ့ဒီမှာ တစ်ဆက်တည်း တွေးမိပြန်တာက Myanmar Idol ကို ငွေရှာပေးခဲ့တဲ့ နယ်ရုပ်လေး ၁၁ ရုပ် ရပ်နေတာပဲ လို့ တွေးမိပါတယ်။
သီချင်းဆုံးသွားတဲ့အခါ ဒိုင်တွေက အားပေးစကား ပြောကြပါတယ်။မြန်မာပြည်သိန်းတန်ကလည်း အကောင်းဆုံး အားပေးစကား ပြောပေးပါတယ်။
ကိုယ့်စိတ်ထင်အရ ဒီသီချင်း ပြီးရင်တော့ ချမ်းမြေ့ မောင်ချို ပြန်တော့မယ် လို့ ထင်ခဲ့ပါတယ်။သူ့ ကြည့်ရတာလည်း အားပြတ်ပင်ပန်းနေပုံပါပဲ။ဒါပေမယ့် အထင်နဲ့ အမြင် တက်တက်စင်လွဲခဲ့ ရပြန်ပါတယ်။
Winner ကို ကြေငြာပေးပြီး ဆုများချီးမြင့်ချိန်တင်မက ပွဲပြီးဆုံးသည်အထိ ပြိုင်ပွဲစင်မြင့်ပေါ် ရှိနေခဲ့ပါတယ်။ဖြိုးမြတ်အောင်က Winner ဆု များကို လက်ခံရယူပေးသလို ချမ်းမြေ့ မောင်ချိုကလည်း 1st runner up အနေနဲ့ ဆုများစွာ လက်ခံယူပေးခဲ့ပါတယ်။ဆုပေးပွဲနဲ့ ဓာတ်ပုံရိုက်ပြီး ကြာချိန် များ ထည့်တွက်ရင် တစ်နာရီဝန်းကျင်ခန့် ရှိမယ် ထင်ပါတယ်။
ဆုရသင့်သူတွေ ဆုရတဲ့ မြင်ကွင်းဟာ စိတ်ချမ်းမြေ့ စရာပါပဲ။ဒါပေမယ့် အချိန်တွေ ကြာလာတာနဲ့ အမျှ ကြည့်နေရင်း အတွေး က ပြောင်းလာရပါတယ်။
ပွဲစီစဉ်သူတွေဟာ ချမ်းမြေ့ မောင်ချို ကို ဒီအဝတ်အစားနဲ့ စင်ပေါ်ကို ဘာကြောင့် တက်ခိုင်းရသလဲ ဆက်တွေးမိပါတယ်။

ပြိုးပြိုးပြက်ပြက်ရွှေရောင်ဝတ်စုံများ ဂါဝန်ရှည်များ နဲ့ အပြိုင် လှနေတဲ့ ပြိုင်ပွဲဝင် ၁၀ ဦး ကြားမှာ ချမ်းမြေ့ မောင်ချိုရဲ့ ဖက်ရှင်က အရောင်မှိန်လွန်းနေပါတယ်။ကာလဒေသနဲ့ မလိုက်ဖက် မတင့်တယ်တဲ့ အဝတ်အစား ဖက်ရှင် ဖြစ်နေပါတယ်။ခဏမြင်ရချိန်မှာ အဆင်ပြေပေမယ့် စင်မြင့်ပေါ် ကြာရှည်ရပ်နေတဲ့အခါ ကြည့်ရ မြင်ရ အဆင်မပြေတော့ပါဘူး။
ဆေးရုံကနေ ကပိုကရိုထလာဟန် ရှိတဲ့ ကောင်မလေး နဲ့ ရွှေရောင်ဂါဝန်များ ဝတ်ဆင်ထားတဲ့ ပြိုင်ပွဲဝင်ကောင်မလေးတွေရဲ့ စင်မြင့်ပေါ်က အလှတရားကို ယှဉ်ကြည့်မိတဲ့ခါ ရွှေရောင်ဂါဝန်ပိုင်ရှင်များက ပိုလှနေပါတယ်။ဒါဟာ အမှန်တရားပါပဲ။နေရာ ဒေသနဲ့ လိုက်ဖက်တဲ့ ဝတ်စားဆင်ယင်မှုဟာ သိပ်အရေးကြီးပါတယ်။
Myanmar Idol ပွဲစီစဉ်သူတွေ အနေနဲ့ ချမ်းမြေ့မောင်ချိုဟာ စင်မြင့်ပေါ် နေရာယူနိုင်တဲ့ အနေအထားရှိတယ် ဆိုရင် လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ပေးရမှာ ဖြစ်ပါတယ်။မိတ်ကပ်ပါးပါးလေးလိမ်းပြီး ရွှေရောင်ဂါဝန်လေးဝတ်ပေးထားရင် ပိုလှမယ် ထင်ပါတယ်။မဟုတ်ရင်လည်း သီချင်းဆိုပြီး ဆေးရုံ ဆီ ပြန်နို်င်ဖို့ ခွင့်ပြုပေးသင့်ပါတယ်။အခုတော့ ကပိုကရိုအဝတ်အစား နဲ့ လူမမာကို ဆုပေးလိုက် ဓာတ်ပုံရိုက်ခိုင်းလိုက် နဲ့ မပြီးနိုင် ဖြစ်နေပါတယ်။
ဆုပေးပွဲစင်မြင့်ဟာ ခေတ်ဗန်းစကားနဲ့ ပြောရရင် ဗရမ်းဗတာတွေ ဖြစ်လာတယ် လို့ မြင်ပါတယ်။ကိုးရိုးကားရား ဆုပေးပွဲ ဖြစ်လာပါတယ်။ဖြိုးမြတ်အောင်ခမျာလည်း ဆုပဲ ယူရတော့မလို လူမမာကိုပဲ တစ်ချိန်လုံး ပွေ့ ထားရတော့မလို ဖြစ်နေပါတယ်။

တက်လာသမျှ လူကလည်း 1st runner up လူမမာ ကို အားပေးကြ အသိအမှတ်ပြုကြ ဖြစ်နေလေတော့ Winner ခမျာ ကုတ်ချာင်းချောင်း နဲ့ ဆုကို လက်ခံယူရပါတယ်။
နောက်ဆုံးတော့ ပွဲပိုင်ရှင် မမကြီး တက်လာပါပြီတဲ့ ။Winner အတွက် ဂုဏ်ပြုစကားပြောရမယ့်အစား စကားပြောနေရင်း 1st runner up လူမမာ ကို အားပေးစကား ပိုပြောဖြစ်ပြန်ပါတယ်။မဟာကရုဏာရှင် ပွဲရှင် ဖြစ်ပါတယ်။
ဖြိုးမြတ်အောင်လည်း နေရာမရ။ချမ်းမြေ့ မောင်ချိုလည်း တီရှပ် ဂျင်းဘောင်းဘီနဲ့ မတ်တပ်ကြီး။ဒီထက်ပိုကရုဏာသက်စရာကောင်းသူတွေကတော့ ရွှေရောင်ဝတ်စုံတွေနဲ့ တစ်ချိန်လုံး မတ်တပ်ရပ်နေရတဲ့ ပြိုင်ပွဲဝင်များ ပဲ ဖြစ်ပါတယ်။အနှစ်ချုပ်တွေးကြည့်တဲ့အခါ အမှန်တွေထဲမှာ ရောနေတဲ့ အမှားတစ်ချို့ မြင်ရပါလိမ့်မယ်။မြန်မာအိုင်ဒေါ ဖိုင်နယ်ဒရမ်မာဇာတ်ဝင်ခန်းများကတော့ ပြီးသွားခဲ့ပါပြီ။
အစနဲ့ အဆုံးသတ်ချင်ပါတယ်။ ဆုပေးပွဲကို စောင့်ကြည့်ပြီးတဲ့အခါ ဖြိုးမြတ်အောင် ကို စိတ်ဓာတ်ကောင်းတဲ့ အဆိုရှင်တစ်ယောက်အဖြစ် သတ်မှတ်လိုက်မိပါတယ်။
စကားတစ်ခွန်းကြောင့်ပါပဲ။
” မငိုနဲ့ ။မငိုနဲ့လေ။
အဲ့ဒီသီချင်းကို ကိုကြီးက လက်ဆောင်ပေးမှာ ”
Winner Song ကို မျှဝေသုံးစွဲခွင့်ပေးလိုက်တာပါပဲ။
ဒီစကားတစ်ခွန်းက အများကြီး တာသွားပါတယ်။
သူ့ ပုံရိပ်ကို အများကြီး လှပသွားစေပါတယ်။
ချစ်သူ မုန်းသူ များတဲ့ လောကကြီးမှာ ရိုးသားမှုနဲ့ ကြိုးစားမှုက အနိုင်ယူသွားတာပါပဲ။
ဆွေဇင်နေမင်း
Read More